Monday, September 26, 2011

(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နေ့ နယူးဇီလန်နိုင်ငံတွင်ကျင်းပပြုလုပ်(ဓာတ်ပုံသတင်း)



သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (နယူးဇီလန်) က ကြီးမှူး ကျင်းပတဲ့ (၄) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ ရတနာဒီပဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်၊ အခမ်းအနား မစတင်မီ ဘုန်းတော်ကြီးများအား နေ့ဆွမ်း ကပ်လှူကြပါတယ်။



အခမ်းအနားမှာ သာသနာ့ဥသျှောင် အဖွဲ့ချုပ် (နယူးဇီလန်) ဥက္ကဋ္ဌ အရှင်သြဘာသက အခမ်းအနား ကျင်းပခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး၊ ရဟန်းတော်များမှ ပရိတ်တရားတော်များ ရွတ်ဆိုကြပါတယ်။ ထို့နောက် သာသနာ့ဥသျှောင် အဖွဲ့ချုပ် (နယူးဇီလန်) အထွေထွေ အတွင်းရေးမှူး အရှင် သုမနသီရိက ရွှေဝါရောင် တော်လှန်ရေးအတွင်း အသက်ပေးလှူခဲ့ကြသော၊ မတရား ဖမ်းဆီးခြင်း ခံနေကြရသော ရဟန်းရှင်လူ ပြည်သူအပေါင်းအတွက် ပရိတ်ရွတ်ဆို၍ ရေစက်ချ အမျှအတမ်း ပေးဝေခဲ့ကြပါတယ်။



အခမ်းအနားမှာ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ ချုပ် (အိန္ဒိယ၊ ထိုင်း၊ ဂျပန်) ရဲ့ ထုတ်ပြန်ကြေငြာချက်ကို ဖတ်ကြားခြင်း၊  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုမိုးမြတ်သူက နိုင်ငံရေးအကျဉ်းသားဘ၀တွင် ကိုယ်တွေ့ ကြုံခဲ့ရသော ရဟန်းသံဃာတော်များရဲ့ ထောင်တွင်း ဘ၀အခြေအနေကို ပြန်လည် ပြောကြားခြင်း၊ တက်ရောက်လာသူအချို့က လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများကို ပြောကြားခြင်း အစီအစဉ်များနဲ့ ကျင်းပခဲ့ပါတယ်။



ထို့အပြင် နိုင်ငံရေး အကျဉ်းသားများအား ထောင်ဝင်စာတွေ့နိုင်ရန် ထောက်ပံ့လှူဒါန်းငွေကို သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (နယူးဇီလန်) ဦးဆောင်မှုဖြင့် နယူးဇီလန်နိုင်ငံရောက် မြန်မာပြည်သူပြည်သားများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှတဆင့် လှူဒါန်းနိုင်ရန် စီစဉ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနား နောက်ဆုံးအစီအစဉ်အဖြစ် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာကသိအောင် ကြိုးစား ဖော်ထုတ်ခဲ့တဲ့ (Burma VJ) မှတ်တမ်းတင်ရုပ်ရှင်ကို ပြသခဲ့ပါတယ်။


No comments:

Post a Comment